ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က ခရိုင်ပညာရေးမှူးရုံးမှာ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကျော်က မိုင်းပေါက်ကွဲခဲ့ပြီး အောင်နန်းရပ်ကွက်အတွင်းမှာရှိတဲ့ နယ်မြေရဲစခန်းကိုလည်း မီးကွင်းပစ်ခံရတယ်လို့ ပတ်ဝန်းကျင်အနီးနားကအိမ်ရှင်များထံကနေ သိရပါတယ်။
“အရမ်းကျယ်တဲ့ ပေါက်ကွဲတဲ့အသံကြားရတယ်။ မြေကြီးတွေ အိမ်တွေရောတုန်သွားတယ်။ ရဲကား စစ်ကားနဲ့ ရေကားတွေ အင်အားအများကြီးနဲ့ ရောက်လာတယ်။ အစောင့်ဦးလေးတော့ လက်မှာ ဒဏ်ရာနည်းနည်းရသွားတယ်လို့ကြားတယ်။ တံခါးမှန်တွေလည်းကွဲသွားတယ်” လို့ အိမ်ပတ်ဝန်းကျင်အနီးနားက အိမ်ရှင်တစ်ဦးက ပြောပါတယ်။
အောင်နန်းရပ်ကွက်က နယ်မြေရဲစခန်းကိုတော့ မွန်းတည့် ၁၂နာရီကျော်က မီးကွင်းပစ်ခံခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့သိရပြီး ရဲစခန်းပတ်ပတ်လည်ကိုတော့ ဒီနေ့ ညနေမှာ လုံခြုံရေး တင်းကျပ်စွာချထားတာကို တွေ့မြင်နေရတယ်လို့ ရပ်ကွက်နေသူများထံကနေ သိရပါတယ်။
မြစ်ကြီးနားမြို့ကရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း ဆန္ဒပြတဲ့ သူတွေကို ရဲနဲ့ စစ်တပ်ရဲ့လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူများလည်းရှိနေပါတယ်။