ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရမ်ပူရပ်ကွက်မှာ မတ်လ ၂၈ ရက် မနက် ၁၀ နာရီကျော်က ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အဲ့ဒီပစ်ခတ်ဖမ်းဆီးမှုမှာ ဒဏ်ရာရသူနဲ့ဖမ်းဆီးခံရသူစာရင်းကိုတော့ မသိရှိရသေးပါဘူး။ ရမ်ပူ ရပ်ကွက်မှာ ၂၇ ရက် နေ့လည် ၂ နာရီလောက်ကလည်း ပြည်သူလူထု ဒေသခံတွေ ပူးပေါင်းပြီး အလံနက်ထောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၂၇ ရက်မနက်ကလည်း မြစ်ကြီးနားဘူတာကြီးရှေ့နဲ့ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်တွေမှာ ပြောက်ကျားသပိတ်နဲ့ ဆန္ဒပြခဲ့ကြရာ ရပ်ကွက်တွေထဲအထိ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ကြရာမှာ ရာဘာကျည် ၄ ချက်ထိ ဒဏ်ရာရသူ တစ်ယောက်နဲ့ ဖမ်းဆီးခံရသူ ၁၉ယောက် လောက်ရှိတယ်လို့ ဖမ်းဆီးခံရသူ လွတ်မြောက်ရေး ကူညီပေးနေတဲ့ အဖွဲ့ထံက သိရပါတယ်။