ရန်ကုန်၊ သာကေတမြို့နယ် ၇ ရပ်ကွက်က CDM လုပ်နေတဲ့ ဆရာဝန်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက မတ်လ ၂၅ ရက်နေ့ ည ၁၂ လောက်မှာ လာရောက်ရှာဖွေဖမ်းဆီးပေမယ့်လည်း မမိသွားခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့ပေမဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူ ၅ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သာကေတမြို့နယ်မှာ မတ်လ ၂၅ ရက် ည ၉ နာရီမှာလည်း ညသပိတ်တွေကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က လာရောက်ဖြိုခွင်းခဲ့တဲ့အပြင် ရပ်ကွက်အတွင်း အသံဗုံးပစ်ခတ် ဖမ်းဆီးရှာဖွေတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
သာကေတမြို့နယ် အဝိုင်းထိပ်အနီးမှာ မနေ့ညက ညသပိတ်ပြုလုပ်ခဲ့ကြပြီး ၉ နာရီလောက်က စစ်တပ်နဲ့ရဲ ဝင်ရောက် ဖြိုခွင်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြဘူးလို့ ဆန္ဒဖော်ထုတ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရပ်ကွက်ထဲမှာ တားဆီးပိတ်ဆို့ထားတဲ့ တံခါးတွေကိုလည်း ဝင်ရောက်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။
သာကေတမြို့နယ်မှာ ဖမ်းဆီး ပစ်ခတ်တာတွေ ရှိပေမယ့်လည်း အရုဏ်ဦးသပိတ် ၊ ပျောက်ကြားသပိတ်နဲ့ ညသပိတ်အပြင် လူမဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် ဆန္ဒဖော်ထုတ်နေကြတာပါ။