ရဲ ၂ ဦးသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲအင်အား ၁၀၀ လောက် လာရောက်တပ်စွဲပြီး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာအုပ်စုမှာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ရဲနှင့် ဒေသခံတစ်ချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးသတင်းဌာနတွေက ကြေညာခဲ့ပါတယ်။
ဒီအတွက် ရွှေဘိုတပ်နယ်က စစ်တပ်၊ ရဲ အင်အား ၁၀၀ ဝန်းကျင် လာရောက်ကာ ရွာကို သေနတ်နဲ့ပစ်တာတွေရှိသလို ဖမ်းဆီးခံရသူလည်း ၆ ဦးထိ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ရဲက သပြေကုန်းရွာနဲ့ တည်တောရွာကြား ဇရပ်မှာ တပ်စွဲကာ ရွာထဲဝင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သပြေကုန်းရွာထိပ်မှာ ရဲ၊ စစ်ကား ၁၃ စီး၊ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတယ်။ ညကတော့ ရွာထဲဝင်လာတာတော့ မရှိဘူး။ ရွာကလည်း ဝင်ပေါက်တွေ ပိတ်ဆို့ထားတယ်။ ညက အေးအေးချမ်းချမ်းပဲ။ သပြေကုန်းရွာကတော့ လူတွေမရှိကြတော့ဘူး။ ဖမ်းဆီးခံရသူတွေလည်း အဲဒီမှာ မရှိတော့ဘူးလို့ သိရတယ်။ အခုတော့ ရွာက ဆရာတော် သံဃာတော်တွေက ဖမ်းထားသူ တွေ ပြန်လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်။ ရွာထဲ ဝင်မယ်လို့လည်း ကြားတယ်။ အချိန်ကတော့ သွားညှိတဲ့အဖွဲ့အပြန်ကို စောင့်ကြည့်နေတယ်။" လို့ တည်တောရွာဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ဦးကျော်ရွှေပါ ၆ ဦး ဖမ်းဆီးခံထားရသလို စစ်ကား၊ ရဲကားတွေ ထွက်လို့မရအောင် ရွာတွေကလည်း မူးလမ်းတစ်လျှောက် ပိတ်ဆို့ ထားကြပါတယ်။
အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ သပြေကုန်းရွာကတော့ ရွာကို ပစ်ခတ်မှာတွေ စိုးရိမ်တဲ့အတွက် တခြားကျေးရွာတွေကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။