ကျောက်ဆည်မြို့မှာ ည ၉ နာရီဝန်းကျင်က မင်းရပ်,ရပ်ကွက် ကောင်းသန့် လက်ဖက်ဆိုင်မှာ ဘောလုံးပွဲလာကြည့်တဲ့ လူငယ်နှစ်ယောက်ကို ရဲနဲ့စစ်သားတွေက မတရားဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ညပိုင်း သံပုံးတီးအပြီး ရပ်ကွက်ထိပ်မှာ မြို့နေ့လူထုက ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်နေစဥ် ရဲကားနဲ့စစ်ကားတွေ ဝင်လာပြီး တွေ့ရာလူကို လိုက်ဖမ်းတဲ့အတွက် ရပ်ကွက်သူ ရပ်ကွက်သားများ ထွက်ပြေးခဲ့ရပြီး လက်ဖက်ရည်ဆိုင်က သာမန်အရပ်သား လူငယ်နှစ်ဦးကို အတင်းဆွဲခေါ်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အဆိုပါ လူငယ်နှစ်ဦးက မင်းရပ်ရပ်ကွက်နဲ့ သစ်ကြီးတန်းရပ်ကွက်က ဖြစ်ပြီး မိသားစုဝင်များက ရဲစခန်းမှာ အာမခံ ရမရ သွားမေးဖို့တောင် ကြောက်နေတယ်လို့ ဆိုပါတယ်။
လိုက်ဖမ်းစဥ်မှာ လက်ဖက်ရည်ဆိုင်ပတ်ဝန်းကျင်က ခြံစည်းရိုးတွေပါ ဖျတ်ဆီးသွားတယ်လို့ သိရပါတယ်။
ကျောက်ဆည်မှာ မတ် ၁၃ ရက်နေ့ ညနေ ၃ နာရီမှာ လူထုသပိတ်စစ်ကြောင်းထွက်ခဲ့ပြီးနောက် ရဲနဲ့စစ်သားတွေက စတင်ဖမ်းဆီးခဲ့ပေမယ့် တစ်ယောက်မှ မမိခဲ့ပါဘူး။
မနေ့ညက လူနှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရမှုဟာ ကျောက်ဆည်မြို့မှာ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။