DVB
ရှမ်းပြည်နယ် ကလောမြို့နယ် အောင်ပန်းမြို့မှာ ဒီနေ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ကိုင်တုတ် စစ်သားတွေက အင်အားအလုံးအရင်းနဲ့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။
“သေနတ်တွေ လေးချက်ကျော်ပစ်ဖောက်ပြီး ဆန္ဒပြပွဲမှာ မပါဘဲ ဘေးကကြည့်နေတဲ့ လူတွေကိုလည်း ရိုက်နှက်ပြီးဖမ်းဆီးသွားပါတယ်ခင်ဗျ၊ မီးခိုးဗုံးတွေလည်း ဆက်တိုက်ပစ်နေတယ်။ ခုချိန်ထိဆို ဖမ်းသွားတာ ဆယ့်လေးယောက်ရှိနေပါပြီ။ လေဖြတ်ထားတဲ့ ဦးလေးကြီးတစ်ယောက်လည်း ပါသွားတယ်ဗျာ။ မိန်းကလေးတွေလည်း အဓိကဆွဲနေတာ။”
ဒါအပြင် စစ်သားတွေက ဆန္ဒပြပြည်သူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ကားပေါ် တင်ယူသွားကြတယ်လို့ ဆိုပါတယ်။
စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။