Home
မြန်မာသတင်း
မူဆယ်ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲပစ်ခတ်ဖြိုခွင်း၊ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
March 11, 2021
158484624_155581652979130_1410686676902804390_n

ဒီဗွီဘီ 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မှာ ဒီနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့လူစုနေစဉ် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး သေနတ်အစစ်နဲ့ ပစ်ဖောက်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးတာကြောင့် ဆန္ဒပြသူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ 

ဒီနေ့ မနက် ၁၁ နာရီလောက်က မူဆယ် နာရီစင်အနားမှာ ဆန္ဒပြမယ့် လူအင်အား တစ်ရာလောက် ထိုင်သပိတ်လုပ်ဖို့ စုဝေးရောက်ရှိစဉ် လုံခြုံရေးတပ် အင်အား ၇၀ လောက်ရောက်လာပြီး  သေနတ်နဲ့ ပစ်ဖောက်လို့ လူတွေကစင့်ကလျားထွက်ပြေးခဲ့ကြောင်း ၊ မျက်မြင်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က နာရီစင်နားမှာစုဝေးနေတုန်း ရဲတွေရော စစ်သားတွေရောရောက်လာတယ်။ သေနတ် ၃ ခါပစ်တယ်။ ပထမတစ်ခေါက် ၃ ချက်၊ ဒုတိယတခါ ၂ ချက် နဲ့ နောက်ဆုံး ၁ ချက် စုစုပေါင်း ၆ ချက် ကျည်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာခင်ဗျ။ ကလေးတွေက ထွက်ပြေးတော့ အနောက်က လိုက်ဖမ်းကြတယ်။ ဖိုးဝီးလ်ကားတွေနဲ့လိုက်တယ်၊ လမ်းကြိုလမ်းကြားထဲ ဝင်ရှာ တယ်၊ အဲဒီမှာ ၁၂ ယောက်  တချို့က ၁၃ ယောက် ပါသွားတယ်လို့လည်း ကြားပါတယ်ခင်ဗျ။”

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ညနေ ၂ နာရီကျော်တဲ့ထိ ဆန္ဒပြသူတွေကို လိုက်ရှာနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ အမည်စာရင်းလည်း လူမှုကွန်ရက်မှာပြန့်နေပါတယ်။ အဲဒီထဲမှာ အမျိုးသား ၈ ဦး အမျိုးသမီး ၄ ဦးပါဝင်ကာ ၁၈ နှစ်အောက်လူငယ် ၂ ယောက်လည်းပါပါတယ်။  

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ မူဆယ်ရှေ့နေတွေနဲ့ ရပ်မိရပ်ဖတချို့ ရဲစခန်းမှာ လိုက်လံ ညှိနှိုင်းတောင်းဆိုနေတယ်လို့ သိရပါတယ်။ 

မူဆယ်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ဒီ ၉ ရက်နေ့က ကားလေးကွင်းဆန္ဒပြပွဲမှာ စတင်အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရတာပါ။ 

၉ ရက်နေ့က ရာဘာကျည်နဲ့ ပစ်ခတ်ရာမှာ လူတစ်ဦး ပုခုံးလက်ပြင်ကို ထိမှန်သွားပြီး ဆေးရုံကားနဲ့ တင်ခေါ်သွားတာတွေ့ရကြောင်း သူ့ရဲ့နောက်ဆုံးအခြေအနေတော့ မသိရဘူးလို့ မူ ဆယ်ဒေသခံက ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024