စဥ့်ကိုင်မြို့ တောမရွာက လယ်လုပ်ရေတင်နေတဲ့ လူငယ် ၅ ဦးကို အမေးအမြန်းမရှိ မိဘတွေရှေ့မှာ မေ့လဲတဲ့အထိ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့ တောမရွာမှာ ရှိတဲ့ ကျောက်ဆည်တက္ကသိုလ်ကို တပ်စွဲထားတာ ၄ ရက်မြောက်ရှိနေပြီး ထွက်ခွာသွားဖို့ ကျောင်းသားတွေနဲ့ရွာသားတွေက ကျောင်းရှေ့မှာ နေ့တိုင်းဆန္ဒပြနေကြတာပါ။
နေ့စဉ် ထိုင်သပိတ်ဆန္ဒပြတာကို လာဖြိုခွင်းနေတာကြောင့် ရှောင်တိမ်းနေကြရတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျောင်းရှေ့ ထိုင်သပိတ်နဲ့ တောမရွာက off -take station ရှေ့မှာ ကျောင်းသားတွေ ဆန္ဒပြဖို့ ရောက်နေစဥ်မှာပဲ ရဲကားနဲ့စစ်ကားတွေ ပိတ်ပြီး ဖမ်းဖို့ကြိုးစားတာကြောင့် အမြန်လူစုခွဲ တိမ်းရှောင်ခဲ့ရတယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။
ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ဖမ်းမမိဘဲ လယ်တောက ပြန်လာတဲ့ လူငယ်တွေကို လေးခွကိုင်မှု၊ အိမ်က စက်နှိုးဖို့ ဆီဝယ်လာတဲ့ကလေးကို ဓာတ်ဆီကိုင်မှုဆိုပြီး အမေးအမြန်းမရှိ မိဘတွေရှေ့မှာ မေ့လဲတဲ့အထိ ရိုက်နှက်ပြီးမှ ရဲကားပေါ် ခေါ်တင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေကတော့ ၉ တန်းကျောင်းသား မြင့်မြတ်ကျော်၊ အောင်ကျော်သူ (၁၈ နှစ်)၊ ကိုလှမိုး (၃၀ နှစ်)၊ နန်းဝင်း ခေါ် အာနိုး (၂၄ နှစ်)၊ အောင်ခိုင်စိုး ခေါ်ကုလား (၂၈ နှစ်) တို့ဖြစ်ပါတယ်။
သူတို့သားတွေအား မျက်စိရှေ့ရိုက်နေတာ ပုန်းပြီး ကြည့်နေခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိခင်ဖြစ်သူက ငိုပြီး ပြောပါတယ်။