ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့တို့ Online Video Conferencing နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြပါတယ်။
မတ်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗဟိုကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး စိုင်းဟန်၊ ဗဟိုကော်မတီဝင် စိုင်းလျဲန်းတို့ တက်ရောက်ခဲ့ကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ CRPH က ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်နဲ့ စောယှားဖောင်ယွာတို့ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေပေါ် ဖြေရှင်းနိုင်မယ့် နည်းလမ်းအမြင်တွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
CRPH က လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ၊ RCSS ကလည်း စစ်အာဏာသိမ်းပြီးနောက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။