ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒ ထုတ်ဖော်တဲ့ အမျိုးသမီးတွေနဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းကို မတ်လ ၈ ရက်နေ့မှာ ရဲနဲ့စစ်တပ်က ဖြိုခွင်းပြီး ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားပါတယ်။
မတ်လ ၈ ရက်နေ့က နိုင်ငံတကာအမျိုးသမီးများနေ့ကမ်ပိန်းအဖြစ် “စစ်အာဏာရှင် ချုပ်ငြိမ်းရန် အမျိုးသမီးထုအားရဲ့ စိန်ခေါ်သံ” စာသားပါ အင်္ကျီဝေတာ၊ စတစ်ကာ ကပ်တာ စတဲ့ ကမ်ပိန်းလုပ်ရင်း ဆန္ဒထုတ်ဖော်တဲ့ အမျိုးသမီးတွေနဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က လူ ၅ ဦးထက်ပို မစုဖို့နဲ့ လူစု အမြန်ခွဲဖို့ သတိပေးခဲ့ပါတယ်။
လာရှိုးမြို့ နေရာ နှစ်နေရာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ အကြိမ်ကြိမ် ဖြိုခွင်းခံခဲ့ရပေမယ့် လူပြန်ပြန်စုပြီး ဆက်လက် ဆန္ဒပြခဲ့ကြပြီး မနက် ၁၁ နာရီဝန်းကျင်မှာ လူစု ပြန်ခွဲခဲ့ကြပါတယ်။
ညနေပိုင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီက သစ်ခန့်အပ်လိုက်တဲ့ ရပ်ကွက် ၁၁ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ပြည်သူတွေက ဆက်လက် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။