ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ မတ်လ ၉ ရက် မနက် ၁၀ နာရီ ကျော်က ဆန္ဒပြ ပြည်သူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွဲခဲ့တယ် ဒေသခံတွေက ပြောပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့အနောက်ကို စစ်တပ်နဲ့ရဲက လိုက်လာကာ အနည်းဆုံး သေနတ် ၁၀ ချက်လောက် ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ ဒဏ်ရာရ၊ မရ မသိရှိသေးပေမယ့် ဆန္ဒပြသူတချို့ မြို့မ (၁) ရပ်ကွက် ကန်တော်ဦးလမ်းဘက်မှာ ပိတ်မိနေတာတွေ ရှိနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တွေက ပြောပါတယ်။
ညောင်လေးပင်မြို့မှာ မတ်လ ၇ ရက်နေ့ညက လမ်းပေါ်ထွက် ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွဲရမယ်လို့ ရဲတပ်ဖွဲ့က သတိပေးကြေညာထားပါတယ်။
ရဲကားတွေ ၊ စစ်ကားတွေနဲ့ မြို့အတွင်း လှည့်လည်ဆန္ဒပြရာမှာ ဦးဆောင်သူတွေနဲ့ သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေလည်း ပြုလုပ်နေပါတယ်။