ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကနေ လုံခြုံရေးတပ်ဖွဲ့တွေ ထွက်ခွာပေးဖို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ကနေဒါသံရုံး တို့က တောင်းဆိုလိုက်ပါတယ်။
“စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပတ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းကြောင့် တင်းမာမှုများမြှင့်တက်နေပါသည်။ အဆိုပါလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ထိုနေရာပတ်ဝန်းကျင်မှ ထွက်ခွာပေးရန်နှင့် ပြည်သူများအားနေအိမ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာပြန်ခွင့်ပြုရန် မိမိတို့မေတ္တာရပ်ခံပါသည်။” လို့ အမေရိကန်သံရုံးက ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။
အလားတူ ကနေဒါသံရုံးကလည်း “ စမ်းချောင်းတွင် စိတ်ပူပန်ဖွယ်ရာ အဖြစ်အပျက်များ၊ ထိပ်တိုက်တွေဆုံမှုများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။ ပြည်သူများနှင့် ဆန္ဒပြသူများကို အင်အားသုံးခြင်းသည် မည်သည့်အခါတွင်မျှ လက်ခံနိုင်စရာ မရှိပေ။ လုံခြုံရေး တပ်ဖွဲ့များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် ဆုတ်ခွာပေးရန်၊ ပြည်သူများကို လုံခြုံစွာ အိမ်ပြန်ခွင့်ပေးရန် ကျွန်ုပ်တို့ တောင်းဆိုလိုပါသည်။” လို့ ထုတ်ပြန်ကြေညာပါတယ်။
စမ်းချောင်း ကျွန်းတောလမ်းဘက် ဗားကရာတစ်ဖက်ခြမ်းကို စစ်တပ်နဲ့ ရဲလက်နက်ကိုင် တပ်ဖွဲ့တွေက လမ်းမကြီးတွေ လမ်းကြားတွေကို ပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြပြည်သူတွေ ညနေပိုင်းကတည်းကပိတ်မိနေကြတာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းထဲ ဝင်လာတဲ့ကားတွေနဲ့ ပြည်သူတွေကို စစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေနဲ့ ရပ်ကွက်တွေအတော်များများမှာလည်း ပြည်သူတွေက ကြွေးကြော်သံတွေဟစ်ကြွေးပြီး ဒီကနေ့ညပိုင်းမှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။