မြန်မာ-တရုတ်နယ်စပ်က အဓိကနယ်စပ်ကုန်သွယ်ရေး မြို့တော်ဖြစ်တဲ့ မူဆယ်မြို့မှာ မတ် ၈ ရက် ညနေပိုင်းက မူဆယ် ဆေးရုံကို စစ်တပ်က ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေက သံပုံးတီးပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
ဒီနေ့ ညနေ ၄ နာရီကျော်လောက်က ဝင်ရောက် တပ်စွဲလာတာကြောင့် ပြည်သူတွေက ည ၇ နာရီကျော်လောက်အထိ သံပုံးတီးဆန္ဒပြခဲ့ရာမှာ သံဃာတော်တွေက လာရောက်ဖျန်ဖြေပေးလို့ လူစုခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ ဒီနေ့ မနက်ပိုင်းက လူအင်အား ၂၀၀၀ လောက်ပါတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ဖြိုခွင်းခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်တပ်အင်အား ၇၀ လောက်က အသင့်စောင့်ဆိုင်းနေပြီး သပိတ်မစမီ မျက်ရည်ယိုဗုံး ၃ လုံး၊ အသံဗုံးနဲ့ ရာဘာကျည်တွေ အသုံးပြုကာ ဆန္ဒပြ ပြည်သူတွေကို လူစုခွဲခဲ့ရာမှာ တစ်ဦး ဒဏ်ရာရရှိသွားပါတယ်။