ဒီနေ့ တိုက်ကြီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားတွေ ဆန္ဒပြဖို့ စုရုံးနေတုန်း ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းပြီး တချို့ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မနက်ပိုင်းက ဗိုလ်အောင်ကျော်လမ်းနားမှာ စုရုံးနေချိန် မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တာပါ။
“လူတွေကို ဆွဲတယ်။ ပြည်သူတွေက ပြန်တောင်းတဲ့အချိန်မှာ သေနတ်တွေနဲ့ ဆက်တိုက်ပစ်တာ။ ဘယ်နှစ်ချက်မှန်းတောင် မရေနိုင်ဘူး။ ကောက်လို့ရတဲ့ ကျည်ခွံကတော့ ၁၂ ခုပဲရှိတယ်။ အဲအချိန်မှာ ရိုက်တာကြောင့် တယောက် ခေါင်းကွဲပြီး အခု မျောနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဆန္ဒပြသူတွေ ရပ်ကွက် လမ်းတွေထဲ တိမ်းရှောင်ချိန်မှာ လမ်းတွေ အိမ်တွေထဲထိ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်သွင်းတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက်မှာတော့ စစ်တပ်နဲ့ ရဲအင်အား ထပ်ဖြည့်လာပြီး အခု တိုက်ကြီးအဝင်တိုးဂိတ်ကိုလည်း ပိတ်ထားလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။
“မှော်ဘီက စစ်ကား ၃ စီး၊ ရွှေမြယာရဲတပ်ရင်းက ၂ စီး၊ တိုင်းဗဟို လေ့ကျင့်ရေးတပ်က ၂ စီး၊ သဲဝါဘက်က လေကြောင်းကာကွယ်ရေးက ၃ စီးရောက်လာတယ်။ အခု ဗိုလ်အောင်ကျော်လမ်းထိပ်နဲ့ ဈေးထဲမှာ တပ်စွဲထားတယ်။”
နောက်ဆုံးသိရသလောက် အမျိုးသမီး ၂ ယောက်အပါအဝင် ၁၉ ယောက် ဖမ်းခံရပြီး ဒီထဲမှာ သာယာဝတီကလူတယောက်က အအေးထိုင်သောက်နေတုန်း ဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။