ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ယူနက်စကို အသိအမှတ်ပြု ပုဂံ ရှေးဟောင်းယဥ်ကျေးမှု ဒေသရဲ့ ပုဂံမြို့သစ်ဈေးအနီးမှာ မတ် ၇ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုကြောင့် ၁ ဦး ဒဏ်ရာရပြီး ၆ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန္ဒပြသူတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူလျှိုတယောက်ကို စစ်တပ်နဲ့ရဲက လာထုတ်ရာကနေ အခြေအနေတင်းမာပြီး ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
“အခြေအနေက အသက် ၁၇၊ ၁၈ အရွယ် လူငယ်တစ်ယောက်ထိထားတယ်။ ပါးကိုထိတာ မစိုးရိမ်ရ အနေအထား မဟုတ်ဘူး။ ၆ ယောက်လောက်လည်း အဖမ်းခံရတယ်။ မြို့သစ်ဈေးနာကနေ ရပ်ကွက်တွေအထိ ဝင်ပစ်တာ၊ ဒလံတစ်ယောက်ကို ပြည်သူက ဖမ်းမိတာ၊ ပြီးတော့ ဓမ္မာရုံမှာ ပိတ်ထားလိုက်တာ။ စစ်ကားကရောက်လာပြီး သူတို့လူကို သော့တွေ ရိုက်ချိုးပြီး ထုတ်သွားတယ်။”
စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ် အချက် ၃၀ ကျော်လောက်ပစ်ဖောက်ခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ သွားပြီးဖြေရှင်းတဲ့ ရပ်ကွက်က လူကြီးတွေ များတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။