စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ တနိုင်ငံလုံးက ရဲဘော်တွေ ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ ဆုတောင်းပွဲကို ကွမ်းခြံကုန်းမြို့ရှိ ကျောင်းသား ကျောင်းသူတွေက မနေ့ညက ပြုလုပ်ခဲ့ပါတယ်။
ကျောင်းသား ကျောင်းသူ ၇၀ ဝန်းကျင် စုပေါင်းပြီး မင်းကန်ရှေ့က မြက်ခင်းမှာ ဆင်တူ ဝတ်စုံတွေနဲ့ ဆုတောင်းခဲ့ကြတာပါ။
“သူတို့အတွက် သွေးအေးသွားတာမျိုး မဖြစ်အောင်၊ သူတို့ ကျဆုံးခဲ့ပေမယ့် အစ်ကိုတို့က သူတို့အတွက် ဆက်လက်ပြီး နွေဦးတော်လှန်ရေးမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရတဲ့အထိ တိုက်ပွဲဆက်ဝင်ရအောင် သူတို့ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ ဆုတောင်းပွဲလုပ်တဲ့ သဘောပါ”လို့ စီစဉ်တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
တာရာမင်းဝေရဲ့ ‘ကျောင်းသားအတ္ထုပ္ပတ္တိ’ ကဗျာကို ရွတ်ဖတ်ပြီး ဆီမီးထွန်းညှိကာ ကျဆုံးရဲဘော်တွေကို ၁ မိနစ် ငြိမ်သက် ဦးညွှတ်ခဲ့ကြပြီး ပန်းစည်းချ ဂုဏ်ပြုခဲ့ကြပါတယ်။
ကျဆုံးသူရဲကောင်းတွေကို အမြဲအမှတ်တရရှိနေဖို့ ကျောင်းသား ကျောင်းသူတွေဟာ နွေဦးတော်လှန်ရေးအပေါ် ခံစားချက်လေးတွေကို စာရွက်လေးတွေပေါ်မှာ ရေးပြီး ဖွင့်ဟခဲ့ကြပါတယ်။
ဒါ့အပြင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လက်သုံးချောင်းပုံကိုလည်း ဆေးအနီရောင်နဲ့ ကိုယ်စီ ရိုက်နှိပ်ခဲ့ကြပါတယ်။