ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ နေ့စဥ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ဆန္ဒပြတဲ့ ရပ်ကွက်တွေကို စစ်တပ်က မတ် ၆ ရက်နေ့ ကစတင်ပြီး စစ်တပ်တွေ လာနေရာယူတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ် ပစ်ခတ်ဖြိုခွင်းပြီး နောက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေက မြို့ပေါ်လမ်းမတွေကို ရှောင်ပြီး အမှတ် ၈၊ ၇၊ ၃ စတဲ့ရပ်ကွက်တွေမှာ ဆန္ဒပြတာတွေ အများဆုံးပြုလုပ်လာခဲ့တာပါ။
ဆန္ဒပြမှု အများဆုံးပြုလုပ်နေတဲ့ ရပ်ကွက်တွေက ဧရာမင်းဓမ္မာရုံကို စစ်တပ်က လာရောက်တပ်စွဲဖို့ ပြုလုပ်ခဲ့ပေမယ့် ဒေသခံတွေက ဝိုင်းဝန်းကန့်ကွက်တာတွေ ပြုလုပ်ခဲ့လို့ ပြန်ထွက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပုသိမ်မြို့ရဲ့ သမိုင်းဝင် မုဋ္ဌောကိုးဆူမှာ ပါဝင်တဲ့ တဂေါင်းမင်္ဂလာ စေတီဝင်းမှာ သွားရောက်တပ်စွဲစဥ် ဒေသခံပြည်သူတွေက သံပုံးတွေတီး မောင်းထုတ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့ အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး လုံခြုံရေးရယူခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
စစ်တပ်က အင်းအားအပြည့်နဲ့ စစ်ကား ၅ စီး အတင်းမောင်းဝင်သွားခဲ့ပြီး ဒေသခံတွေက အလိုမရှိကြောင်း ဆက်အော်နေတဲ့အတွက် စစ်တပ်က ပြန်ထွက်ချိန်မှာ ဒေသခံတွေ လက်ချင်းချိတ်ပြီး ပြန်လို့ရအောင် ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြတာတွေပြုလုပ်ဖို့ စုရပ်ဖြစ်တဲ့ ပုသိမ်ထီးကျောက်တိုင်နားက အ.ထ.က ၉ စာသင်ကျောင်းနားမှာလည်း စစ်တပ်က လာရောက်တပ်စွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလို စစ်တပ်က ရပ်ကွက်ထဲက စာသင်ကျောင်းနဲ့ သမိုင်းဝင် စေတီတော်တွေမှာ တပ်စွဲထားတဲ့အပေါ် မြို့ခံနိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ ဒါဟာ ဆန္ဒပြတဲ့လူတွေကို ထိန်းချုပ်ဖို့အတွက် ဖြစ်နိုင်သလို စစ်ရေးအရ ကြိုတင်ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။