ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၆ ရက်နေ့က CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်အား ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမစခင်မနက်စောစောပိုင်းမှာ လူတစ်ချို့က ဒီနေ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲမယ်လို့ ကြားတယ်ဆိုပြီး ကောလာဟလတွေ ဖြန့်ခဲ့ကြပေမယ့် သပိတ်စစ်ကြောင်းကို အင်အားအများအပြားနဲ့ ချီတက်ခဲ့ကြတယ်လို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
"ကျမတို့အပိုင်းမှာရော တစ်ခြားနေရာတွေမှာပါ အဲ့ဒိကောလာဟ လက ပျံ့နေတာ မနက်ကတည်းကပဲ။ ပြည်သူတွေကြောက်ပြီး လမ်းပေါ်မထွက်အောင် လုပ်တာလို့ပဲထင်တယ်။ ဒါပေမဲ့ မျက်ရည်ယိုဗုံးကြောက်လို့ဆိုပြီး လမ်းမပေါ်မထွက်ပဲနေရင် ကျမတိုရွှေကူသမိုင်းရိုင်းသွားမှာပေါ့၊ အဲ့လိုတော့အဖြစ်မခံဘူး မျက်ရည်ယိုဗုံးကိုကြောက်ပြီး လမ်းပေါ်မထွက်ရဲရင် ကျည်အစစ်ကြောင့် ကျဆုံးသွားသူတွေကိုစော်ကားရာရောက်တယ်။ နိုင်ငံအတွက်အသက်ပဲ အသေခံမယ်၊ သမိုင်းတော့အသေမခံဘူး။ သူတို့ဘယ်လောက်ပဲခြိမ်းခြောက်နေပါစေ ကျမတို့ကြောက်ပြီး နောက်ဆုတ်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။
မြို့နယ်ရဲစခန်းမှာလည်း အရင်က မမြင်ဖူးတဲ့ ရဲတွေရောက်နေပေမဲ့ ပြည်သူတွေကတော့ နေ့စဉ် ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါတယ်။