ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)တွေ ဖွဲ့စည်းမှု ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)က မတ်လ ၅ ရက်မှာ ကြေညာပါတယ်။
မြို့နယ်ပေါင်း ၄၅ မြို့နယ်ထဲက ၃၄ မြို့နယ်မှာ ဖွဲ့စည်းပြီးဖြစ်ကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ၁၁ မြို့နယ် ကျန်ရှိနေပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်တွေနဲ့ မြို့မိမြို့ဖ၊ CDM ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ (G-Z)လူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်း အသီးသီးအတွက် ကိုယ်စားလှယ်တွေနဲ့ ပါဝင်ထိုက်သူတွေ ပါဝင်ပြီး အနည်းဆုံး ၁၁ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ CRYH ရဲ့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကျန်ရှိတဲ့မြို့နယ်တွေမှာလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ CRYH က အသိပေးထားပါတယ်။