ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို မတ်လ ၂ ရက်နေ့မှာ ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပေမဲ့ ရပ်ကွက်အလိုက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပင်မသပိတ် စစ်ကြောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲ ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။ ပင်မစစ်ကြောင်း အပြင် ရပ်ကွက်တွေမှာလည်း ရပ်ကွက်တွင်း စီတန်း ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့ပါတယ်။
၁၄ လမ်း မြိုင်လမ်းထိပ်မှာ ရဲနဲ့စစ်တပ်က ပိတ်ဆို့ပြီး မျက်ရည်ယိုဗုံး ၅ လုံး ပစ်ဖောက် လူစုခွဲခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာက ဒေသခံတစ်ဦးကပြောပါတယ်။
“မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်တယ်။ မြိုင်လမ်း ၁၄လမ်းမှာ။ ဒါပေမဲ့ မိသွားတာမရှိဘူး။ သပိတ်စစ်ကြောင်း ၂၀၀ ကျော်လောက်က အများစစ်ကြောင်းပေါ့။ ရပ်ကွက်တွေက သူ့ရပ်ကွက်နဲ့ သူ ထုတ်ဖော်တာက ရပ်ကွက်တိုင်းမှာ လုပ်တယ်။ ကမ်ပိန်းတွေလည်း လုပ်တယ်၊။ မင်းအောင်လှိုင် ပုံတွေကို ဆေးမှုတ်ပြီး လမ်းပေါ်မှာ ထားတယ်။ ရပ်ကွက်တွေမှာ စလုပ်ကတည်းက အစောင့်တွေ ထားပြီးတော့ လုပ်တာ။ စောင့်ကြည့်ပြီးမှ လုပ်တာပေါ့။ သူတို့နဲ့ ထိပ်တိုက်အတွေ့မခံကြဘူး”လို့ ဆန္ဒဖော်ထုတ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေက စစ်ကား၊ ရဲကားတွေ မဝင်ရောက်စေနိုင်ဖို့ အုတ်ခဲ၊ သစ်တုံးတွေနဲ့ တားဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို လူအင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မတ်လ ၂ ရက်နေ့မှာတော့ ၂၃ ရက်မြောက်တဲ့နေ့ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့ က ပခုက္ကူမြို့မှာ လက်နက်အင်အားသုံး လူစုခွဲ ဖြိုခွင်းမှုတွေကို စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ၂၈ ရက်နေ့မှာတော့ သေနတ်ကျည်ထိမှန်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။