ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ဒီကနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတဲ့ သပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
ရာနဲ့ချီတဲ့ပြည်သူတွေဟာ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်ကနေလျှောက်လာကြစဉ် မနက်၁၀ နာရီကျော်လောက်မှာတော့ ရဲ နဲ့ စစ်တပ်တွေရောက်လာပြီး သေနတ်နဲ့ချိန်၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲလို့ ကစင့်ကလျားထွက်ပြေးရာမှာ တချို့ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးတဲ့လူတွေကိုလည်း နောက်ကလိုက်ဖမ်းနေလို့ နီးစပ်ရာအိမ်တွေထဲ ဝင်ရောက်ပုန်းခိုနေရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့ ဆန္ဒပြသူတွေ အရှေ့မြို့ပတ်လမ်းကနေ အထက ၄ မီးပွိုင့်လမ်းဘက်တက်သွားတဲ့ အခါမှာ ရဲတွေရောက်လာပြီး လမ်းတွေအကုန်ပိတ်ဆို့ပစ်တယ်။ သူတို့ဆီမှာ လူဖမ်းဖို့ အချုပ်ကား တွေရော ပါလာတယ်။ အေးဆေးသွားနေတဲ့ဟာကို သေနတ်နဲ့ချိန်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ သေနတ်နဲ့လည်း ပစ်တယ်။ ရာဘာကျည်လို့ပြောပြီး သေနတ်ထဲမှာဘောစေ့လို ဂေါ်လီလုံးသေးသေးလေးတွေပါတယ်။ နောင့်တို့လည်း ထွက်ပြေးခဲ့ရပါတယ်။ အရှေ့က ကောင်လေးတစ်ယောက် သူ့လက်မောင်းကို ရာဘာကျည်မှန်သွားတယ်။ တခြားလူတွေလည်းထိ တယ်လို့ ပြောနေတယ်။ ဒါပေမဲ့ ကိုယ်လည်းလွတ်အောင်ပြေးရတော့ ဘယ်သူ့မှ လှည့်မကြည့်နိုင်ဘူး။ တချို့က နီးစပ်ရာအိမ်တွေထဲ ဝင်ပြေးတယ်။ အထက ၅ ယာယီဈေးဘက်ဖြတ်လာတုန်း လမ်းဘေးမှာ ပစ္စည်းတင်ဖို့ ခဏ ရပ်ထားတဲ့ကားကို ဖယ်မပေးရကောင်းလားဆိုပြီး ကားမှန်ကို ရိုက်ခွဲပစ်တယ်။ သူတို့က ဆန္ဒမပြဘူး ဈေးလာဝယ်တာ။ ကားကိုလမ်းဘေးမှာချထားပေးတာ ၊ တော်တော်မိုက်ရိုင်းပါတယ်”။
အခုလို ရိုက်ခွဲခံရတာ ကားတင်မကဘဲ ဆိုင်ကယ်တွေပါပါကြောင်း ၊ ပြေးလွှားရင်း ရဲနဲ့ ပက်ပင်းတိုးတဲ့လူတွေကို လက်ကိုင်ဖုံးစစ်ပြီး အထဲမှာဆန္ဒပြပုံတွေ ရိုက်ထားတာ သိမ်းထားတာတွေ့ရင် ပြဿနာလုပ်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
မင်္ဂလာဦးရပ်ကွက်နေ အိမ်ရှင်မတဦးကလည်း အိမ်ထဲမှာ ချက်ပြုတ်နေစဉ် သေနတ်သံတွေကြားတော့ လမ်းပေါ်ထွက်ကြည့်ရာမှာ သူတို့လမ်းထိပ်မှာ ရဲကား ၊ စစ်ကားတွေ အများကြီးရောက်နေပြီး ပုန်းနေတဲ့ဆန္ဒပြသူတွေ ထွက်လာဖို့ မကြာမကြာသေနတ်ဖောက်ပြီး ချောက်လှန့်နေတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့သူတချို့ဟာ နောက်ထပ်တနေရာမှာ ပြန်စုမိပြီး ဒုတိယအကြိမ်ဆန္ဒပြတဲ့အခါမှာလည်း နောက်ထပ်လူစုပြန်ခွဲခဲ့ကြောင်းနဲ့ မလိုက်နာ ဘူးဆိုရင် တကယ့်ကျည်ဆန်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
အခုလို အကြမ်းဖက်နှိမ်နင်းခံနေရပေမယ့် ဇွဲမလျှော့ဘဲ နောက်နေ့တွေမှာ လည်း အာဏာသိမ်း စစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဆန္ဒပြသွားမယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။
ဓာတ်ပုံ - ခွန်ရာဇာ