မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်မှတ်ထား ဖြိုခွင်းတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်း အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကို မြင်တွေ့ရတဲ့အတွက် စိတ်နှလုံး ထိခိုက်ကြေကွဲရကြောင်း၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်မခံရသင့်ကြောင်းနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။
၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို မြန်မာနဲ့ အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ လေးခွတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ကြတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၀ ကျော်ရှိပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြတယ်လို့ ဒီဗွီဘီက ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ပဲခူးတိုင်း ပဲခူးမြို့မှာ သေဆုံးသူ ၄ ဦး၊ ရန်ကုန်မြို့မှာ ၅ ဦး၊ တနင်္သာရီတိုင်းမှာ ထားဝယ်မြို့က ၅ ဦး၊ မြိတ်မြို့က ၃ ဦး (အတည်ပြုချက်ရယူဆဲ) ၊ မန္တလေးတိုင်းမှာ မန္တလေးက ၃ ဦး၊ ပခုက္ကူမှာ ၁ ဦး၊ မော်လမြိုင်က ၁ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ် သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။
တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။
နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။