ယီမင်နယ်စပ်အနီး ဆော်ဒီအာရေဗျနိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ဟူသီသူပုန်တွေက ဒရုန်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၅ ရက်မှာ ဘာရိန်းတပ်သား ၂ ဦး သေဆုံးပြီး တခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း ဘာရိန်းနိုင်ငံပိုင် သတင်းဌာန BNA က ပြောပါတယ်။
အရာရှိတဦးနဲ့ စစ်သားတဦး သေဆုံးခဲ့ကြောင်း ဘာရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး BNA က ထုတ်ပြန်ပါတယ်။ ဆော်ဒီ ဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။
နယ်စပ်အနီးရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးယူနစ်နဲ့ ရဲစခန်းကို တိုက်ခိုက်တာ အပါအဝင် တခြား ရန်လိုတဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့အပြီးမှာ အခု ဒရုန်းတိုက်ခိုက်မှု လုပ်ဆောင်လာတာဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး တာရ်ကီ အလ်မာလ်ကီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဟူသီအဖွဲ့ဘက်ကတော့ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
ဘာရိန်းနိုင်ငံရှိ အမေရိကန်သံရုံးကတော့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး သူ့ရဲ့ ရေရှည်မဟာမိတ်ဘက်က ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters