ယီမင်နိုင်ငံ၊ အယ်လ်မာဝီပြည်နယ် မယ်ဟန်ခရိုင်မှာ မိုးသည်းထန် ရေကြီးပြီး ဆည် ၃ ခု ပြိုကျခဲ့တာကြောင့် လူ ၂၄ ယောက် သေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ပါတယ်။
ရေကြီးလို့ နေအိမ် ၂၇၀ လောက် ပျက်စီးခဲ့ပြီး မိသားစု ၁၀၂၀ လောက် ထိခိုက်ခဲ့ကြောင်း၊ အိုးအိမ်မဲ့သွားတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက စာသင်ခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“မိုးသည်းလို့ ပြည်သူတွေရဲ့ နေအိမ်တွေ မျောပါသွားခဲ့တာပါ။ ကျောက်ဆောင်ပြိုကျလို့ အိမ်တွေ ပြိုကျပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နေအိမ်အပျက်အစီးတွေအောက်က လူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်တယ်။”
မုန်တိုင်းဒဏ်ခံ ဒေသတွေဆီ ဒေသခံတွေ ပြန်ဝင်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကို ရှင်းလင်းရေး လုပ်ဆောင်နေကြပါတယ်။
Source-Reuters