မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်သူရနဲ့ တွဲဖက်အတွင်းရေးမှူး ကိုအောင်နိုင်လင်းတို့ နှစ်ဦး ဖေဖော်ဝါရီ ၂၇ ရက်က ပြန်လွတ်လာကြတယ်လို့ သိရပါတယ်။
သူတို့ဟာ စစ်တပ်အာဏာသိမ်းယူခဲ့တဲ့နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
“လေကြောင်းကာကွယ်ရေးတပ်က လာခေါ်ပြီး ပြန်လွတ်လာတော့လဲ သူတို့ပဲ ပြန်ပို့ပေး တယ်။ ပြန်လွတ်ဖို့ ကြာနေရတာက အထက်ကအမိန့်မကျသေးလို့ ပြောတယ်။ တပ်ကနေ ခရိုင်ရုံးကို အရင်သတင်းသွားပို့ပြီး ဒီကိုပြန်ပို့ပေးရတာလို့ ပြောတယ်။ အခုနောက်တစ်ခါ တခြားကိစ္စ ကြောင့် အဖမ်းခံရရင် ခုပြန်ပို့ပေးတဲ့သူတွေက သူတို့နဲ့မဆိုင်တော့ဘူးလို့လည်း ပြောသွားတယ်'' လို့ ကိုအောင်သူရရဲ့ မိခင် ဒေါ်ခင်သန်းနွယ်က ပြောပါတယ်။
ကျောက်ဆည်မှာ ဖေဖော်ဝါရီ ၁ ရက်မနက်က ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ၆ ဦးလုံး ပြန်လွတ်လာပြီ ဖြစ်ပေမဲ့ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ရှိန်နဲ့ အတွင်းရေးမှူးဒေါ်နွဲ့နွဲ့ခိုင်တို့ကတော့ အဆက်အသွယ်မရရှိသေးပါဘူး။
နွေလှိုင်း(YU)