ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးမြို့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီမနက် သပိတ်စစ်ကြောင်း မစတင်ခင်ကတည်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့က သပိတ်စစ်ကြောင်း စုဝေးရာ ရွှေမော်ဓောဘုရား ယာဥ်ရပ်နားဝင်းမှာ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးထားတာပါ။
အဲဒီအတွက် ဆန္ဒပြသူတွေက သနပ္ပင်လမ်းကနေ ပဲခူးစျေးကြီးအတိုင်း တက်ပြီး မဇင်း လမ်းထိပ်မှာ ထိုင်သပိတ်ပြုလုပ်နေစဥ် ရဲတပ်ဖွဲ့က ပဲခူးစျေးကြီးရှေ့မှာ ကျန်နေတဲ့သူတွေကို သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ပဲခူးအခြေအနေ လတ်တလော တင်းမာနေပြီး ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူမရှိသေးပေမယ့် ဖမ်းဆီးခံရသူ အတော်များများရှိနေပါတယ်။ လတ်တလော ပဲခူးဘူတာတံတားထိပ်ကနေ နာရီစင်ထိ မိန်းလမ်းမကြီးပေါ်တွင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တပ်စွဲထားပြီး မျက်ရည်ယိုဗုံးအပါအဝင် သေနတ်ပစ်ဖောက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
အောင်စိုးမိုး