မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ အခြေခံပညာ ဆရာ ဆရာမတွေကို စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကျောင်းအုပ်တချို့က လစာထုတ်ရာမှာ ဖိအားပေးခဲ့တယ်လို့ ဆရာဆရာမတွေဆီက သိရပါတယ်။
ဆရာ ဆရာမတွေ အနေနဲ့ CDM လှုပ်ရှားမှုကို မလုပ်ဆောင်ကြဖို့၊ လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်တာမျိုးတွေ မရေးကြဖို့၊ ဖေ့စ်ဘွတ်ခ်အကောင့်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ profile တွေ မတင်ကြဖို့နဲ့ ဝန်ထမ်းစည်းမျဉ်းကို သိရှိကြောင်း လက်မှတ်ထိုးမှသာ လစာထုတ်ပေးဖို့ မြို့နယ်အတွင်းရှိ စစ်တပ်မိသားစုဝင်တွေရှိတဲ့ အထက်တန်းကျောင်းအုပ်ဆရာမကြီးတချို့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ခံကတိရေးထိုးရမယ့် စာရွက်တွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးယူဖို့ လုပ်ဆောင်ကြတာကိုလည်း တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်ရှိ၊ အထက်တန်းကျောင်းတချို့က ကျောင်းအုပ်တွေနဲ့ ဆရာ ဆရာမတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ လစာတွေ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆရာ ဆရာမတွေ အနေနဲ့ ဝန်ထမ်းစည်းမျဉ်းကို လိုက်နာဖို့ ဝန်ခံကတိပြုစာမှာ လက်မှတ်ထိုးပေးလိုက်ရသူတချို့ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့က အခြေခံပညာ ဆရာ ဆရာမတွေအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံကြောင်း နေ့စဉ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာလည်း ဖြစ်ပါတယ်။
ဆရာ ဆရာမတွေအနေနဲ့ မဲရုံတာဝန်ကို သမာသမတ်ကျကျ ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် စစ်အာဏာရှင်စနစ်ကျဆုံးဖို့ကိုလည်း သစ္စာပြု တိုင်တည်တာတွေ လုပ်ဆောင်နေကြပါတယ်။
ထိန်ထိန်လင်း