ရှမ်းပြည်နယ် လားရှိုးမှာ တက်တူးပညာရှင်တွေက CDM ဝန်ထမ်းတွေကို ကူညီဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီက စပြီး "ကမ္ဘာမကြေဘူး 1.2.2021" ဆိုတဲ့ စာသားနဲ့ တက်တူးထိုးကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်တဲ့ ကမ်ပိန်းလုပ်ပြီး အလှူခံခဲ့ကြတယ်လို့ တက်တူးပညာရှင် တစ်ဦးက DVB ကို ပြောပါတယ်။
ထိုင်သပိတ်ကို နေ့တိုင်း မနက် ၈ နာရီမှ ၁၁ နာရီအထိ သတ်မှတ်ထားပေမယ့် တက်တူး ရေးထိုးလိုသူတွေ ရှိနေပါက အချိန်မကန့်သတ်ဘဲ ထိုးပေးသွားမယ်လို့ ဆိုပါတယ်။
တက်တူးလာရောက် ရေးထိုးယူသူတွေ စေတနာအလျောက် ထည့်ဝင်လှူဒါန်းနိုင်ပြီး ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေတွေကို CDM ဝန်ထမ်းတွေကို ကူညီလှူဒါန်းသွားမယ်လို့ တက်တူးပညာရှင်တွေက ပြောပါတယ်။
အာဏာသိမ်းလိုက်တဲ့ ၂၅ ရက်မြှောက် ဒီနေ့မှာ လားရှိုးမြို့က လူငယ်တွေ၊ အင်ဂျင်နီယာ ကျောင်းသူ/ကျောင်းသားတွေ၊ တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းတွေ၊ LGBT တွေ၊ ကချင်၊ ရှမ်း၊ တအာင်းပလောင်၊ ဝ တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေအပါအဝင် ဒေသခံ ပြည်သူထောင်ချီ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော် အာဏာသိမ်းခံရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေက စတင်ပြီး နေ့စဥ် ရက်ဆက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ် နေကြတာပါ။
Pra Jaw