နေပြည်တော် ပျဉ်းမနားမှာ ငြိမ်းချမ်းစွာထိုင်သပိတ်ဆန္ဒပြနေတဲ့ လူငယ်တွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်မွန်းလွဲပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
ပျဉ်းမနားမြို့ ဦးကျေးရပ်ကွက် ပေ(၈၀) လမ်းမပေါ်မှာ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာထိုင်သပိတ်ဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ ရပ်ကွက်အတွင်းက ဝန်းရံသူတွေကို ရဲတပ်ဖွဲ့က နှစ်ဖက်အပြန်အလှန် ညှိနှိုင်းနေစဉ်မှာ အကြမ်းဖက်ဝင်ရောက်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြလူငယ်တွေ ထိုင်သပိတ်ပြုလုပ်မယ်ဧရိယာကို သူတို့ကိုယ်တိုင် ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းတွေပြုလုပ်ပြီး ငြိမ်းချမ်းစွာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ နှစ်ဖက်ညှပ်ပိတ်ပြီး ပထမစည်းကို ဖြုတ်ပေးရင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုမယ့်သဘောမျိုး နှစ်ဖက်အပြန်အလှန်ညှိနှိုင်းပြီး လူငယ်တွေဘက်က ပထမစည်းကို ဖြုတ်ပေးနေစဉ်မှာပဲ ဝင်ရောက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူငယ်တွေနဲ့ ရပ်ကွက်အတွင်းက ဝန်းရံသူတွေ လူစုခွဲနေပေမယ့် သေနတ် ၅ ချက် ၆ ချက် ပစ်ဖောက်ခဲ့ပြီး လူ ၄၊ ၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဆန္ဒပြသူတွေ စုဝေးခွင့်မရအောင် ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက နေ့စဉ်လိုက်လံ ဖြိုခွင်းနေပါတယ်။