နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်းမှာ အောက်တိုဘာ ၆ ရက် နေ့လယ်က မြေပြိုကျပြီး လူ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ပြိုကျခဲ့တဲ့ ရွှေကျင်းအဟောင်းဟာ ကန့်သတ်ထားတဲ့နေရာဖြစ်ပြီး အမျိုးသား ၃ ဦးက တရားမဝင် ဝင်ရောက်တူးဖော်ရာက နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ပျဉ်းမနားဒေသခံတဦးက “တောင်ပေါ်က ပိတ်ထားတဲ့ကျင်းတခု ပြိုကျတာ၊ အရင်က လုပ်ကွက်အဟောင်းနေရာပါ။ သေတဲ့သူတွေက ပိပြီးတော့ အောက်စီဂျင်ပြတ်သေတာ။ ဒဏ်ရာရတဲ့တဦးက ခြေထောက်ကို ကျောက်တုံးတွေ ပိနေတာ” လို့ ပြောပါတယ်။
ကျင်းပြိုကျမှုကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသားတို့မှာ မြေကြီးပိမိသေဆုံးသွားပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားမှာ ကျောက်တုံးပိမိဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အဆိုပါနေရာကို ပျဉ်းမနားမီးသတ်ရှိ ကယ်ဆယ်ရေးအဖွဲ့၊ သက်ဆိုင်ရာနဲ့ အရပ်ဘက်အသင်းတွေက ပူးပေါင်းရှာဖွေ ကယ်ဆယ်ခဲ့ကြတာဖြစ်ပြီး ရွှေတွင်းတူးဖော်သူ ၃ ဦးစလုံးဟာ ပျဉ်းမနားမှာ နေထိုင်သူတွေလို့ သိရပါတယ်။
သေဆုံးရုပ်အလောင်း ၂ ခုနဲ့ ဒဏ်ရာရရှိသူတွေကို မြို့နယ်ကြက်ခြေနီအသင်း၊ ပျဉ်းမနား မိုးစေတနာအသင်းတို့က ကားတွေနဲ့ ပျဉ်းမနား ခုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။