ရန်ကုန်မြို့ တာမွေမြို့နယ် အောင်မင်္ဂလာလမ်း ကျောက်မြောင်းကြီး ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြတဲ့ ရပ်ကွက်နေပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်အင်အား အလုံးအရင်းနဲ့ ရပ်ကွကထဲဝင်လာကာ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ပြီး ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
“လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ အခုလက်ရှိ ည ၇ နာရီ ၂၀ အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းထဲမှာ ပိတ်ဆို့နေရာယူထားပါတယ်။” လို့ ရပ်ကွက်နေပြည်သူ ၁ ဦးက ပြောပါတယ်။
လက်ရှိမှာ ယုဇနပလာဇာဘက် ဝင်လမ်းတွေဖြစ်တဲ့ ဗညားဒလလမ်း၊ မအူကုန်းလမ်းကျယ်တောက်လျှောက်အပါအဝင် လမ်းအတော်များများကို ရဲတွေက ပိတ်ဆို့ထားပြီး လုံခြုံရေကား ၇ စီး၊ ၈ စီးလောက် တာမွေမြို့နယ် ရပ်ကွက်တွေထဲမှာ ဖြန့်ချထားတယ်လို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူတွေက စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း တိုက်တွေနဲ့ လမ်းတွေပေါ်ကနေ သံပုံးတီးပြီး မောင်းထုတ်နေကြပါတယ်။