စစ်မှုထမ်းဟောင်းတချို့နဲ့ စစ်တပ်ထောက်ခံသူတွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး လာရောက်ပြီး တပ်မတော်ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီမနက် ၉ နာရီလောက်က အလံပြဘုရားလမ်းမှာ တပ်ထောက်ခံပွဲလုပ်ဖို့ လူတွေစုရုံးရောက်ရှိလာပြီး နိုင်ငံတော်အလံတွေ ၊ ပိုစတာတွေကိုင်ပြီး ဆူးလေဘုရားလမ်းအတိုင်း ဦးတည်ချီတက်ဆန္ဒပြကြတာတွေ့ရပါတယ်။
ဆူးလေရှန်ဂီလာဟိုတယ်အနီး ဗိုလ်ချုပ်လမ်းထောင့်မှာ တပ်ထောက်ခံဆန္ဒပြသူတွေဟာ အမျိုးသားရေးသီချင်းတွေကိုဖွင့်ပြီး ဆူးလေဘုရားလမ်းပေါ် ကခုန် ပျော်မြူးကာ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ကြွေးကြော်နေကြပါတယ်။
ရန်ကုန်ရှိ မြို့နယ်တချို့ကိုယ်စားပြုဆိုပြီး ဆိုင်းဘုတ်တွေကိုင်ဆောင်လာတဲ့ တပ်ထောက်ခံတဲ့သူတွေဟာ တပ်မတော်ထောက်ခံကြောင်းအပြင် ပြည်ပအားကိုးပုဆိန်ရိုးဆိုပြီး ကြွေးကြော်သွားကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေကတော့ အာဏာရှင်ဆန့်ကျင်ကြောင်း သင်္ကေတ လက်သုံးချောင်ထောင်ကာ ကန့်ကွက်ကြောင်းပြသခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေကလည်း တပ်ထောက်ခံပွဲချီတက်လာတဲ့သူတွေကို ကားဟွန်းတီးပြီး ကန့်ကွက်ခဲ့သလို အိမ်တွေကလည်း သံပုံးတီးမောင်းထုတ်နေကြတာ တွေ့ရပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်လုံးကျွတ်သပိတ်တွေ မြန်မာနိုင်ငံအနှံ့အပြားပြုလုပ်ချိန် တပ်မတော်ထောက်ခံပွဲဆိုပြီး တန်ပြန်ပြုလုပ်လာတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ အရင်ရက်တွေက ဆူးလေဘုရားလမ်းကို တားဆီးပိတ်ထားရာက ဒီနေ့တော့ပြန်ဖွင့်ပေးထားပြီး လမ်းရှင်းလုံခြုံရေးယူနေတာ တွေ့ရပါတယ်။
မကြာသေးခင်က တပ်မတော်ထောက်ခံပွဲလုပ်ဖို့ ကြံ့ခိုင်ရေးပါတီက ငွေပေးပြီး လူခေါ်ခိုင်းတဲ့ ရုပ်သံဗွီဒီယို သက်သေတစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
သတင်း-ဓာတ်ပုံ ညီငယ်/အောင်သူ