မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ရှိ သာစည်၊ ဝမ်းတွင်း၊ မိတ္ထီလာနဲ့ မလှိုင် ၄ မြို့နယ်မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဖေဖေါ်ဝါရီ ၂၄ ရက်က အင်အား သောင်းချီ ဆန္ဒပြနေကြပါတယ်။
ဝမ်းတွင်းမြို့ဆန္ဒပြသူတစ်ဦးက “ကျနော်တို့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ၂၄ ရက်အထိ စစ်အာဏာရှင်ပြုတ်ကျရေးကို တတပ်တအား ပါဝင်ပြီး နေ့တိုင်း ၁၈ ကြာဆန္ဒပြလာတာပါ။ လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ပြုတ်ကျဖို့ အနိုင်တိုက်နေတာပါ။ နိုင်မလားဆိုပြီး တိုက်နေတာ မဟုတ်ပါဘူး။ အနိုင်တိုက်သွားမှာပါ။ ဝန်ထမ်းတွေ CDM ပါလာအောင်လည်း ကမ်ပိန်းတွေ လုပ်နေပါတယ်။ အောင်မြင်ပါတယ်”လို့ ပြောပါတယ်။
သာစည်မြို့က LGBTတစ်ဦးက “စစ်အာဏာရှင်အောက်ရော ပြည်သူ့အစိုးရအောက်ရော နေခဲ့ဖူးပါတယ်။ စစ်အာဏာရှင်အောက်မှာ နေရတာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေရတယ်။ LGBT တွေ လမ်းပေါ်ထွက်လာရင် ပေါ်တာဆွဲမလား၊ ရဲကဖမ်းပြီး ကတုံးရိတ်ခံရမလား၊ ရိုက်နှက်ခံရမလား စတာတွေ စိုးရိမ်နေရတယ်။ ပြည်သူ့အစိုးရအောက်မှာ စိတ်ကူးရှိတာလေးတွေ လွတ်လွတ်လပ်လပ် ပုံဖော်ခွင့်ရှိတယ်။ လူငယ်တွေ အခုမှ လွတ်လပ်တဲ့ စိတ်ကူးနဲ့ လုပ်နေကြတာ စစ်အာဏာပြန်မယူကြပါနဲ့တော့ တော်ပါတော့”လို့ ပြောပါတယ်။
သာစည်မြို့အမျိုးသားတစ်ဦးက “စစ်အာဏာရှင်ကို အလိုမရှိလို့ ဆန္ဒပြနေတဲ့ တူအရွယ် မြေးအရွယ်တွေနဲ့အတူ တစ်သားတည်းရှိနေကြောင်းပြချက်လို့ ဆန္ဒပြလိုက်လာတာပါ” လို့ ပြောပါတယ်။
ဝမ်းတွင်းမှာ လူအင်အား ၅၀၀၀ ကျော်၊ မိတ္ထီလာမှာ ၁၀၀၀၀ လောက်၊ သာစည်မှာ ၈၀၀၀ ကျော်နဲ့ မလှိုင်မှာ ၅၀၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ပါတယ်။
“အမေပေးတဲ့ နှစ်လစာ ယူထားသူတွေ ထွက်ခဲ့ ထွက်ခဲ့”၊ “ရုံးတံခါးပိတ်ပြီး ရုံးတက်နေတာ ပြည်သူတွေကို စော်ကားတာပဲ”၊ “တစ်နိုင်ငံလုံး ထွက်ကုန်ပြီ ဒို့ဝန်ထမ်းတွေ ငြိမ်မနေနဲ့”၊ “အလုပ်မသွားနဲ့ ဝန်ထမ်းတွေ အိမ်မှာနေပါ ဇိမ်ပဲဇိမ်ပဲ”၊ “အလုပ်မသွားနဲ့ ဝန်ထမ်းတွေ ပြည်သူတွေက ကျွေးထားမှာဗျ”၊ “အာဏာရှင်ကိုဖြုတ်ချဖို့ရာ ဝန်ထမ်းတွေက အဓိကပါပဲ” “အရေးတော်ပုံကြီး အောင်ဖို့အရေး ဝန်ထမ်းအားလုံး ပါဝင်ပေး” စတဲ့ကြွေးကြော်သံတွေနဲ့ CDM မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာရုံးတွေရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်တန့်ဆန္ဒပြခဲ့ကြပါတယ်။
လာရောက်အားပေးဝန်းရံတဲ့ ပြည်သူတွေကလည်း ဆန္ဒပြသူတွေကို ရေသန့်တွေ ပေးဝေပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း