မြိတ်မြို့မှာ ပြုလုပ်တဲ့ အထွေထွေသပိတ်စစ်ကြောင်းထဲကို အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်ထားသူတွေက လိုက်ပါမှုတွေရှိနေတဲ့အတွက် အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြိတ်မြို့မှာပြုလုပ်တဲ့ ၂ ငါးလုံး အထွေထွေ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ပွဲပြီးတဲ့နောက် သပိတ်စစ်ကြောင်းဦးဆောင်သူတွေနောက်ကို အဆိုပါ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်တွေက လိုက်ပါခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေကို သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက သိရှိပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ဝိုင်းဝန်း တားဆီးရှာဖွေရာမှာတော့ အခုလို လက်နက်တွေနဲ့တကွ ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သပိတ်စစ်ကြောင်း ဦးဆောင်သူတွေ ရှိတဲ့နေရာကို လက်ရှိစစ်ကောင်စီက ခန့်အပ်ထားတဲ့ ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ယခင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းဖြစ်သူက သတင်းပေးတဲ့အတွက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးက လာရောက်ခဲ့ပြီးတဲ့နောက် အခုလို လက်နက်တွေနဲ့တကွ ပြည်သူတွေက ရှာဖွေသိမ်းဆည်းရမိခဲ့တာလို့ သပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးဖြစ်တဲ့ အရင် မြိတ်မြို့နယ် စည်ပင်ကော်မတီဝင် ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်ကိုကိုက ပြောပါတယ်။
အခုလို လူထုကြားထဲကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်သူတွေ မရှိသင့်ဘဲ သက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားတဲ့သူသာ လက်နက်ကိုင်ဆောင်သင့်ပြီး ဒါဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုဖြစ်ပွားခဲ့ပြီးတဲ့နောက် အဆိုပါလူ ၂ ဦးကို ရပ်ကွက်ပြည်သူတွေက ဝိုင်းဝန်းရှာဖွေရာ ပစ္စတို သေနတ် ၂ လက်၊ ကျည်ကတ် ၄ ခုနဲ့ ကျည်ဆန်အပိုတွေအပြင် ဖမ်းဆီးမယ့်သူတွေရဲ့ စာရင်းအချက်လက်တွေကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။အဲဒီလို ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ အဆိုပါ လူနှစ်ဦးရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားခဲ့ကြပါတယ်။