အာဏာသိမ်းစစ်ကောင်စီက အသစ်ခန့်အပ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း တောင်ဒဂုံ ၂၂ ရပ်ကွက်က ပြည်သူ ၁၀၀၀ လောက် ဒီနေ့မနက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ရန်ကုန်တိုင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို တာဝန်ကရပ်စဲလိုက်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
တောင်ဒဂုံမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်က ရပ်စဲလိုက်တာဖြစ်ပြီး တာဝန်လွှဲပြောင်းရေး ကိစ္စတွေကိုတော့ မလုပ်ရသေးဘူးလို့ တာဝန်ကရပ်စဲခံရတဲ့ ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနိုင်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကခန့်တဲ့ အုပ်ချုပ်မှူးကို အလိုမရှိကြောင်း၊ ပြည်သူ ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးသာ တရားဝင်ဖြစ်ကြောင်း စတဲ့ကြွေးကြော်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုနေကြတာပါ။