Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် တိုင်းဥပဒေချုပ်တို့ကို တရားစွဲပြီး မုံရွာထောင်ပို့
Aung Ko Latt
·
February 19, 2021
myint ni

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်​ ဒေါက်တာမြင့်နိုင်နဲ့ စစ်ကိုင်းတိုင်း ဥပ​ဒေချုပ် ဦးခင်​မောင်လှတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုကာ မုံရွာအကျည်း​ထောင်ကို ပို့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က တရားလိုပြုလုပ်တရားစွဲဆိုတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက သတင်းတွေ ထွက်ပေါ်နေတာပါ။

ဝန်ကြီးချုပ်ကိုတော့ ပထမအကြိမ်ဖမ်းဆီးလို့ ပြန်လွှတ်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရစဉ် ပြည်သူတွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြဖို့၊ ပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ပြောဆိုခဲ့တာကြောင့် တရားစွဲတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဥပဒေချုပ်ကိုတော့ အစိုးရသစ်မဖွဲ့ခင်အချိန်ကြားကာလအတွင်း တိုင်းအစိုးရလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းအားလုံးက ဝန်ထမ်းတွေကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အစိုးရအဖွဲ့ကိုယ်စား ထုတ်ပြန်တာကြောင့်ဖြစ်နိုင်တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ပြောဆိုချက်နဲ့ ပတ်သက်ပြီးတော့  အာဏာပိုင်တွေဆီကနေ  အတည်ပြုချက်မရရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့  တက်ကြွလှုပ်ရှားသူ တချို့ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာတွေ ရှိနေပါသေးတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုဥက္ကဋ္ဌ ဦးဘိုးသန့်ညွန့်နဲ့ အစိုးရအဖွဲ့ဝင်တွေ အပြင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ပါတီအတွင်းရေးမှူးတို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးထားတာ သီတင်း  ၃ ပတ်ပြည့်တော့မှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013