မြန်မာနိုင်ငံမှာ မနေ့ညသန်းခေါင်ယံကျော် ဒီမနက်အစောပိုင်း ၁ နာရီလောက်က စပြီး အများပြည်သူတွေအသုံးပြုနေတဲ့ အင်တာနက်လိုင်းတွေကို အာဏာသိမ်းစစ်အစိုးရက ထပ်မံပိတ်ပစ်လိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်တက်လာတဲ့အပေါ် စစ်အစိုးရကလည်း ဖမ်းဆီးမှုတွေ ပိုမိုတိုးမြှင့် ပြုလုပ်လာနေသလို မနေ့ညက ရန်ကုန်မှာ စစ်တပ်က တင့်ကားတွေနဲ့ လှည့်လည်အင်အားပြပြီးနောက် အင်တာနက်လိုင်းတွေကို ပိတ်ပစ်လိုက်တာပါ။
စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေနဲ့ ရုပ်သံလိုင်းတွေကိုပါ ဖြတ်တောက်ပစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း အင်တာနက်လိုင်းတွေကိုထပ်ပိတ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။
စစ်တပ်က ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်နှောင့်ယှက်တာ၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ ဥပဒေအရအကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်တာတွေကို လူသိရှင်ကြားကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက မနေညက ပူးပေါင်းထုတ်ပြန်ကြေညာထားပါတယ်။