ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်အစိုးရအား ကန့်ကွက်ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်နေပြီး ဒီနေ့မှာတော့ ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းနဲ့ ဆမားလမ်းအနီးမှာ ဂီတပညာရှင်တွေက တီးဝိုင်းနဲ့ သီဆိုဖျော်ဖြေတာ၊ မိသားစုတွေ စုဖွဲ့ပြီး ယာယီရွက်ဖျင်တဲထိုးပြီး ဆန္ဒဖော်ထုတ်တာ၊ ပန်းချီပညာရှင်တွေက စစ်အာဏာရှင်ကျဆုံးရေး စာတန်းတွေကို အင်္ကျီနဲ့ ဦးထုပ်တွေပေါ် ရေးထိုးပေးတာ၊ ဇာထိုးပန်းထိုး အဖွဲ့တွေက လက်ပတ်ကြိုး ထိုးတာ၊ ပဌာန်းပါဋိတော် ရွတ်ဆိုတာ၊ လူငယ်တွေက စစ်အာဏာရှင်ကျဆုံးရေး စာတန်းများကိုင်ဆိုင်ပြီး ငြိမ်းချမ်းစွာ ထိုင် သပိတ်မှောက်ဆင်နွှဲတာ စတဲ့ ပုံစုံမျိုးစုံနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
ဒါ့အပြင် လမ်းလျှောက် ဆန္ဒထုတ်ဖော်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်တွေ၊ ကချင်ပြည်နယ်အလံ၊ မြန်မာနိုင်ငံအလံတွေ ကိုင်ဆောင် လွင့်ထူပြီး စစ်အာဏာရှင် ကျဆုံးရေး အင်အား သိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။
ခြောက်ရက်မြောက်နေ့ ဒီနေ့ဆန္ဒပြပွဲမှာ စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့နဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအဖွဲ့တွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒိုးပတ်ဝိုင်းနဲ့ သံချပ်ထိုးအဖွဲ့တွေလည်း ပါဝင်ခဲ့ကြသလို ဗိုလ်ချုပ်မွေးနေ့အဖြစ် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ပဲပြုတ်နံပြား ဝေငှပေးခဲ့ပါတယ်။