အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် ၅၉/၂၀၂၁၊ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁ ပုဒ်မခွဲ (၁) အရ လွိုင်ကော် အကျဉ်းထောင်ကနေ အကျဉ်းသား ၂၂၄ ဦး လွတ်မြောက်လာပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီက စလွှတ်ပေးနေတာဖြစ်ပြီး လွတ်မြောက်လာသူတွေထဲမှာ ကယားပြည်နယ်မှ ၁၁၉ ဦး၊ ရှမ်းပြည်နယ် ၇၇ ဦး၊ ရန်ကုန် ၈ ဦး၊ ပဲခူး ၃ ဦး၊ မိတ္ထီလာ ၅ ဦး၊ စစ်ကိုင်း ၅ ဦး၊ ကချင် ၁ ဦး၊ ဧရာ၀တီ ၅ ဦး၊ မကွေး ၁ ဦး၊ စုစုပေါင်း ၂၂၄ ဦး ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့ လူငယ်တဦးက “ကျနော် အားလုံး ၁၆ နှစ်ကျခံပြီးတော့ ၅ နှစ်ကျခံပြီးမှ ပြန်လွတ်လာတာပါ။ မူးယစ်မှုရယ်၊ ဆိုင်ကယ်ခိုးမှုတွေနဲ့ဗျာ။ ပြန်လွတ်လာတဲ့သူ တော်တော်များများကလည်း မူးယစ်မှု များပါတယ်။ ကျန်တဲ့အမှုက နည်းပါတယ်။ ကျန်ခဲ့တဲ့သူအတွက်တော့ ဝမ်းနည်းတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော့်သူငယ်ချင်းတွေ ဘော်ဒါတွေ ကျန်ခဲ့တော့ ဝမ်းနည်းတယ်ဗျာ။ ကိုယ် လွတ်တာကတော့ ပျော်ပါတယ်” လို့ ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းသူအကျဉ်းသား ၂၃၃၀၀ ကျော် လွှတ်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာပါတယ်။
နော်နိုရင်း