မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်းခရိုင်ထဲက စက်ရုံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇,၀၀၀ လောက် စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဒေသတွင်းက စက်ရုံအလုပ်သမား ၁ သိန်းကျော်ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စမ်းသပ်စစ်ဆေးခဲ့ချိန်မှာ ခုလိုတွေ့ရှိရတာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့်ခွဲရေးစင်တာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။
ရောဂါပိုးတွေ့ရှိရသူတွေထဲက အလုပ်သမားတွေအများစုကတော့ စက်ရုံကြီး ၉ ခု ကဖြစ်ပြီး အဲဒီထဲက ၄ ရုံမှာတော့ ပိုးတွေ့အလုပ်သမား ၁၀,၀၀၀ နဲ့အထက်ပါဝင်နေတာ ဖြစ်ပါတယ်။
ဒေါက်တာ ထဝီဆစ်လ်ပ်ကတော့ တချို့စက်ရုံတွေမှာ အလုပ်သမား ၂၆ ရာခိုင်နှုန်း ကနေ ၂၇ ရာခိုင်နှုန်းထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပြောပါတယ်။
စမွတ်စာခွန်းခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယလှိုင်း ကာလမှာ အဓိကကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ပုစွန်ဈေးကတဆင့် စတင်ခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လှိုင်းသစ်စတင်ချိန်ကတည်းက စမွတ်စာခွန်းခရိုင် တွင်းမှာ ရောဂါကူးစက်ခံရသူအရေအတွက် ၁၅,၁၈၆ ယောက်ရှိလာခဲ့ပြီး ဒါဟာ စုစုပေါင်း ရေဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၈၀ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းတနိုင်ငံလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၃,၉၀၃ ယောက်၊ သေဆုံးသူ အယောက် ၈၀ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။