မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန်ကွက်တဲ့အနေနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မနက် ၉ နာရီလောက်ကစတင်ကာ ပြည်သူလူထုအင်အားသောင်းချီပြီး မြို့ မြဝတီမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မှာ ဆန္ဒပြသူတွေ မနေ့ကထက်အင်အားပို များလာခဲ့ပြီး ပညာရေးဝန်ထမ်းဆရာမ ဆရာတွေ၊ သစ်တောဝန်ထမ်းတွေနဲ့ ရှေ့နေတွေ ပူးပေါင်းပါဝင်ခဲ့ကြကာ အမှတ်(၁)တံတားကြီးရှေ့မှာ လူစုခဲ့ပြီး မြဝတီမြို့အတွင်း ငြိမ်းချမ်းစွာဖြင့်စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒပြရာမှာ အမေစုနဲ့ သမ္မတကြီးဦးဝင်းမြင့်အားချက် ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ- ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးစတဲ့ စာသားတွေ ကြွေးကြော်ခဲ့ပါတယ်။
မြဝတီမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေကလည်း ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ဆန္ဒပြ အင်အား မနေ့ကထက် သောင်းချီများပြားလာခဲ့ပါတယ်။
ဆန္ဒပြစစ်ကြောင်းဟာ မြဝတီမြို့အနှံ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)တံတားကြီးမှာ ပြန်လည်စုဝေးကြရာ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ လူစုခွဲခဲ့ကြပါတယ်။