ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပူးပေါင်းပါဝင်လိုက်ကြပြီး လူနာသစ် လက်မခံတော့ဘူးလို့ သိရပါတယ်။
နိုင်ငံတဝန်းက ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကျိုင်းတုံဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေဟာလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် နောက်ထပ် လူနာတွေ လက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၆ ရက်နေ့က ဆေးရုံကြီး စီမံကော်မတီ အစည်းအဝေးလုပ် ဆုံးဖြတ်တာဖြစ်ပြီး ဆေးရုံမှာ ကျန်နေတဲ့လူနာတွေကို ဆေးရုံက ဆင်းတဲ့အထိ ကုသပေးဖို့၊ လာရောက်ပြသတဲ့လူနာတွေကို တပ်မတော်ဆေးရုံကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး ပြည်သူသို့ ပန်ကြားချက်ကိုလည်း ဆေးရုံမှာ ချိတ်ဆွဲလိုက်ပါတယ်။
“၇ ရက်နေ့က စ တာပါ။ အခုတော့ ဆေးရုံမှာ လူနာနည်းနည်းတော့ရှိနေတယ်။ ပြင်ပလူနာတချို့ကိုလည်း ကုပေးနေပါတယ်” လို့ ဆေးရုံကြီး တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ကိုဗစ် လူနာနဲ့ သံသယလူနာတွေကိုလည်း တပ်မတော် ဆေးရုံကို လွှဲပေးမှာဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခံစားချက်ကို နားလည်ပေးမယ်လို့ ယုံကြည်ကြောင်း ပြည်သူတွေကို ပန်ကြားထားပါတယ်။