စစ်အာဏာရှင်စနစ်မလိုမရှိကြောင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဆန္ဒ မပြဖို့နဲ့ အလုပ်ဆင်းဖို့အတွက် ချောက်ရေနံမြေအထွေထွေမန်နေဂျာကြီး ဦးရဲနိုင်က ဌာနမှူးတွေကို အစည်းဝေးခေါ်ယူပြီး ညွှန်ကြားခဲ့တယ်လို့ ရေနံမြေလုပ်သားတွေကပြောပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ရေနံမြေဒေသအသီးသီးနဲ့ နေပြည်တော်ရုံးချုပ်က အလုပ်သမားတွေက ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင်ပြီး CDM စတင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်ခဲ့မှုအပေါ် ခုလို ညွှန်ကြားခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ဟန်က ပြောပါတယ်။
"ခုက ဌာနမှူးတွေကို ခေါ်ယူပြီးတော့ ဝန်ထမ်းတွေကို တဝက်ရုံးတက် တဝက်နားဖို့ ပြောတယ်။ အဲ့လိုဆို CDM စနစ်ကို ပျက်အောင်လုပ်နေတာ၊ ကျန်တဲ့ရေနံမြေတွေကတော့ အဆင်ပြေတယ်၊ အဲ့လိုမျိုး ခေါ်ယူညွှန်ကြားတာကို ရှုတ်ချပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ချောက်ရေနံမြေလုပ်သားတွေရဲ့ ၃၀ ရာခိုင်နှုန်းက အလုပ်ဆင်းနေရပြီး နေ့လယ်ပိုင်းမှာ အလုပ်သမား တဝက် ပြန်အလုပ်ဆင်းရတော့မယ်လို့ ဆိုပါတယ်။
ခုလို အလုပ်သမားတွေကို အလုပ်ဆင်းဖို့ ညွှန်ကြားတာနဲ့ ပတ်သက်ပြီး ချောက်ရေနံမြေအထွေထွေမန်နေဂျာ ဦးရဲနိုင်ကို ဖုန်းဆက်သွယ် မေးမြန်းချိန်မှာတော့ ရုံကိုလောက်ရောက်ဖို့ခေါ်ဆိုခဲ့ပြီး ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ငြင်းဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။