ဆီနီဂေါနိုင်ငံမှာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ဖို့ မြို့တော် ဒါကာမှာ ဖေဖော်ဝါရီ ၄ ရက်က စုဝေးနေတဲ့ လူအုပ်ကို ဆီနီဂေါ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့တယ်လို့ ရိုက်တာသတင်းထောက် တဦးက ပြောပါတယ်။
သမ္မတလောင်းစာရင်းနဲ့ပတ်သက်တဲ့ အငြင်းပွားမှုကြောင့် မဲခွဲဆုံးဖြတ်မယ့်ရက်ကို ဆိုင်းငံ့ထားမယ်လို့ သမ္မတ မက်ကီ ဆောလ်က ဖေဖော်ဝါရီ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
အတိုက်အခံနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ဒါဟာ အဖွဲ့အစည်းဆိုင်ရာ အာဏာသိမ်းမှုအဖြစ် ရှုတ်ချခဲ့ကြတာပါ။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြသူ ၂၀၀ လောက်ဟာ ဒါကာမြို့ရဲ့ အဓိကလမ်းတခုပေါ်မှာ တာယာတွေကို မီးရှို့ပြီး ယာယီအကာအရံတွေနဲ့ လမ်းတွေပေါ်မှာ ပိတ်ဆို့ ခဲ့ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရင်း လူတွေကို ဖမ်းဆီးပြီးနောက် လူအုပ်ကြီးက လမ်းဘေးဘက်ကို ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။
ဆီနီဂေါနိုင်ငံဟာ အနောက်အာဖရိကရဲ့ အတည်ငြိမ်ဆုံး ဒီမိုကရေစီနိုင်ငံ တခုဖြစ်ပေမဲ့လည်း သူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တဲ့ လူအသေအပျောက် ရှိတဲ့ဆန္ဒပြပွဲတွေ မကြာသေးမီနှစ်တွေ အတွင်း ပေါ်ပေါက်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် လူထုမငြိမ်မသက်မှုတွေကို မီးထိုးပေးမယ့် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး မသေချာမရေရာ ဖြစ်လာနိုင်တာကြောင့် ဆီနီဂေါဟာ ဘယ်တုန်းကမှ သမ္မတ ရွေးကောက်ပွဲကို အချိန်ရွှေ့တာမျိုး မလုပ်ခဲ့ဖူးပါဘူး။
Source/Photo-REUTERS/Zohra Bensemra