သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ခေါင်းဆောင်တစ်ချို့ဟာ နေပြည်တော်ရှိ နေအိမ်တွေမှာ နေအိမ်အကျယ်ချုပ်နဲ့ ကျန်းမာစွာ ရှိနေတယ်လို့ NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက အသိပေးပြောကြားပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အထိ အတည်ပြုသတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်အမှတ်(၃၃)၊ ဦးဝင်းမြင့်ဟာ အိမ်အမှတ်(၂၉)၊ ဒေါက်တာမျိုးအောင် (နေပြည်တော် ကောင်စီဥက္ကဋ္ဌ) ဟာ အိမ်အမှတ် (၃၄) တို့မှာ ကျန်းမာစွာရှိနေကြတယ်လို့ ဦးကြည်တိုးက သူ့ရဲ့ facebook စာမျက်နှာမှတဆင့် အသိပေးထားပါတယ်။
ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒီချုပ်သဘာပတိဝင် ဦးဝင်းထိန်အား လက်ရှိ ထိန်းသိမ်းထားတဲ့နေရာကို မသိရသေးပေမဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ညပိုင်းက နိုင်ငံတော်အတိုင်ပင်ခံ ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး စိတ်ဓာတ်စစ်ဆင်ရေးသတင်းတွေကို မယုံကြည်ကြဖို့ NLD ပါတီက ဆိုပါတယ်။