နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး အပါအဝင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်တွေကို တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။
တာဝန်မှ ရပ်စဲလိုက်တဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်တွေကတော့ ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နဲ့ ဦးကျော်ဇင်လတ်တို့ ပါဝင်ပါတယ်။
ဒီကြေညာချက်ကို အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးဆိုသူ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်တာဖြစ်ပါတယ်။
နေပြည်တော်စည်ပင် ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးမင်းသူကတော့ အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက သက်ဆိုင်ရာကို စာရေးပေးပို့ထားပါတယ်။
“ကိုယ်တွေရဲ့ အကြီးအကဲတွေကို ဖယ်ရှားလိုက်တော့မှ ကိုယ်တွေကလည်း ဘာမို့လဲ။ သင်းတို့ လက်အောက်တော့မခစားတော့ဘူး။ နုတ်ထွက်လိုက်ပါပြီ”လို့ ဦးမင်းသူက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် နေအိမ်၊ အဆောင်အယောင်နဲ့ မော်တော်ယာဉ်ကိုလည်း အမြန် ပြန်အပ်နိုင်ရေး စီစဉ် ဆောင်ရွက်နေပြီလို့ ရေးထားပါတယ်။