မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်တဲ့ ဘက်သီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်း သဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ပေကျင်းမြို့မှာရှင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဝန်းဝန်ဘင်က ဖြေကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ သတိပြုမိကြောင်း၊ အခြေအနေအား ပိုမိုသိရှိနားလည်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘက်အသီးသီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းမှာ သဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်ဖို့အောင်လုပ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး တိုးတက်အောင်လုပ်ဖို့ကြဖို့နဲ့ ပဋိပက္ခပိုတိုးလာပြီး အခြေအနေရှုပ်ထွေးအောင်မလုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ အစိုးရခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးတောင်းဆိုတဲ့ ကြေညာချက်ထုတ်ပြန်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေးကျင်းပရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ သဘောတူညီမှုမရလို့ ထုတ်ပြန်နိုင်ခြင်း မရှိပါဘူး။
ဓာတ်ပုံ- တရုတ်သံရုံး