မြန်မာတပ်မတော်က စစ်အာဏာသိမ်းတာကို လုံးဝလက်သင့်မခံကြောင်းနဲ့ ဥပဒေမဲ့ တရားမဲ့ပြုကျင့်ခဲ့မှုကို ထိရောက်စွာ အရေးယူပေးဖို့ ထိုင်းရောက် မြန်မာနိုင်ငံသား ထောင်ချီ ဘန်ကောက်ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့မနက် သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာလူမျိုးတွေအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေ ပြုလုပ်နေတာကို ကုလသမဂ္ဂအနေနဲ့ အရင်လို ကြေညာချက် ထုတ်ပြန်တာ၊ စီးပွားရေးပိတ်ဆို့ အရေးယူခြင်းတွေသာမကဘဲ မြန်မာစစ်တပ်က ဖိနှိပ်တဲ့ လက်နက်ဖြစ်တဲ့ စစ်ရေးအရ အရေးယူတာမျိုး ဆောင်ရွက်ပြီး အမြန်ဆုံး ရပ်တန့်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။