အပြင်ထွက်ခွင့်မပြုဘဲ ထားရှိတဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်ဖို့ တပ်မတော်က ဒီနေ့ လာရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တတိယအကြိမ် လွှတ်တော်တက်ဖို့ စည်ပင်ဧည့်ရိပ်သာမှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက် တပ်မတော်က လုံခြုံရေးယူ စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီး(ခ)ဦးအုန်းခင်က ထိန်းသိမ်းခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်ပြန်လို့ရပြီဆိုပြီး မိုက်နဲ့ လာရောက် ကြေညာခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ အန်အယ်လ်ဒီပါတီ လူကြီးတွေနဲ့ အစည်းဝေးထိုင်နေပြီး ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးကျော်ကြီးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းကတည်းက NLD ပါတီက ကိုယ်စားလှယ် ၃၉၁ ယောက်အပါဝင် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ဆိုရင် ၄၀၀ ကျော် ထိန်းသိမ်းခံထားရတာလို့ ဆိုပါတယ်။
မင်းထီး