လက်နက်ကိုင်အဖွဲ့အစည်းတရပ်ဟာ ရေရှည်ရပ်တည်နိုင်ဖို့ ပင်ကိုဗီဇကောင်း အကျင့်စရိုက်ကောင်းမွန်ဖို့ အရေးကြီးလှပါတယ်။ လက်နက်ကိုင်ရတဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ၊ အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့၊ ဓမ္မအမှန်တရားဘက်က ရပ်တည်ဖို့ စတဲ့ အခြေခံသဘောတရား မူဝါဒတွေ ဖြောင့်မတ်မှသာ သမိုင်းကောင်း ရေးထိုးနိုင်ပြီး ရေရှည်ရှင်သန်နိုင်ပါတယ်။
ဒီကနေ့ မြန်မာ့တပ်မတော်ဟာ အမည်သာဆက်ခံထားပေမဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ ရည်ရွယ်ချက်ကောင်းမွန်စွာနဲ့ တည်ထောင်ထားတဲ့ ပင်ကိုဗီဇစရိုက်ကောင်းတွေ အားလုံး ပြောင်းလဲသွားခဲ့တာ စစ်အာဏာရှင် နေဝင်း လက်အောက် ၁၉၆၂ ခုနှစ်ကလို့ ဆိုရမှာဖြစ်ပါတယ်။ လူထုကိုကာကွယ်ဖို့ ရည်ရွယ်ချက် ပျောက်ဆုံးပြီး စစ်နဲ့လုပ်စားတဲ့ အခွင့်ထူးခံလူတစု အကျိုးစီးပွားကို ကာကွယ်တဲ့ လက်နက်ကိုင် ဓားပြတပ်အဖြစ် ဗီဇပြောင်းသွားတာ ဖြစ်ပါတယ်။
ပေါ်လာစဉ်ကာလတုန်းကတော့ ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှကိုလိုနီ နယ်ချဲ့ကို တိုက်ထုတ်ပြီး နိုင်ငံ့လွတ်လပ်ရေးကို အရယူဖို့ ဖွဲ့စည်းပေါ်ထွန်းခဲ့တာမို့ ပြည်သူလူထုရဲ့ နှစ်ခြိုက်ထောက်ခံမှု အပြည့်မဝ ရခဲ့ပေမဲ့လည်း အကျင့်သီလ နိမ့်ကျ ယုတ်မာတဲ့ စစ်ခေါင်းဆောင် ဗိုလ်နေဝင်း လက်ထက်ကစလို့ စစ်အာဏာရှင်စနစ်သွေးဆိုး အလောင်းခံခဲ့ရတဲ့ နောက်မှာတော့ ဗီဇပြောင်းသွားပြီး အများပြည်သူကို ဗိုလ်ကျနှိပ်စက်တဲ့ စစ်မိစ္ဆာဘီလူးသဘက်အဖြစ်ကို ရောက်ရှိသွားခဲ့ရာက လူထုရဲ့ အမုန်းနဲ့ ကျိန်စာသင့် ဓားပြဂိုဏ်းအဖြစ် အသွင်ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။
ပြည်သူလူထုမုန်းပြီဆိုရင် ဖြေဆေးမရှိပါဘူး။ မြေကြီးကလက်မခံတဲ့ သစ်ပင် မရှင်သန်နိုင်သလို သွေးဆိုးပြည်ပုပ် ဖြစ်သွားတဲ့ စစ်ရာဇဝတ်ကောင်တွေ ဆိုတာလည်း ဘယ်သောအခါမှ အသားနု အသားအသစ်အဖြစ် ပြန်မဖြစ်နိုင်တော့ဘဲ အချိန်တန်လို့ အနာရင်းပြီး မှည့်လာရင် ဖောက်အထုတ်ခံရမယ့် ပြည်သွေးပုပ်များလို နိဂုံးဆိုးရွားစွာနဲ့ ချုပ်ငြိမ်း ပျောက်ကွယ်ကြရမှာ ဖြစ်ပါတယ်။
အခုချိန်ခါမတော့ ကဏ္ဍစုံမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရတဲ့ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းခေါင်းဆောင်တွေဟာ ရေနစ်သူတယောက်လို သွေးရူးသွေးတမ်းနဲ့ ထင်ရာလုပ်နေကြတဲ့အထဲမှာ ပေါက်တတ်ကရ ယတြာချေနည်းမျိုးစုံကို အရှက်မဲ့ လုပ်ဆောင်နေခဲ့ကြပါတယ်။ အခု ဒီဇင်ဘာလ ယတြာကတော့ ကြိုးစားသမျှ ရွှေထီးဆောင်းပြီး အောင်ဓာတ်ဆင်နိုင်စေဖို့အတွက်ဆိုတဲ့ ရွှေဖရုံသီးယတြာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ သတင်းထဲမှာ စစ်အကြမ်းဖက်ကောင်စီတပ်ဟာ သူတို့ ထိခိုက်သေဆုံးမှု များနေတဲ့အတွက် အောင်ပွဲဆင်နိုင်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဌာနချုပ်အတွင်းနဲ့ စစ်ဖြစ်နေတဲ့ နေရာတွေဆီပါ အပေါ်မှာ ဖရုံသီးယတြာဆိုပြီး ရေးထားတဲ့ ရွှေဖရုံသီးထုပ်တွေ လှမ်းပို့ပေးပြီး မနက်တိုင်း ဘုရားစင်ရဲ့ အမြင့်တနေရာမှာထားပြီး ကပ်ရမယ်လို့ ညွှန်ကြားပါသတဲ့။
အခုနောက်ဆုံး ယတြာကတော့ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း တနိုင်ငံလုံးမှာရှိတဲ့ စစ်အကြမ်းဖက်ကောင်စီ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေ၊ ဝန်ကြီးဌာနတွေ အန္တရာယ်ကင်း၊ ဘေးဒုက္ခကပ် ကျော်လွှားနိုင်ရေးအတွက်ဆိုပြီး ဥပ္ပါတသန္တိ ပရိတ်ကို ထပ်မံရွတ်ဖတ်ခိုင်းပြီး ယတြာချေဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
မကောင်းမှုလုပ်တဲ့သူတွေ၊ အသိပညာနိမ့်ကျသူတွေ၊ ကိုယ်ပိုင်အရည်အချင်း နည်းပါးသူတွေ၊ ဒုက္ခရောက်တဲ့သူတွေဟာ ထွက်ပေါက်မရှိတဲ့အခါမျိုးမှာ ဗေဒင် ယတြာ၊ အဆောင်လက်ဖွဲ့တွေကို အားကိုးအားထားပြုကြ၊ လုပ်ဆောင်တတ်ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း သမ္မတရူးမင်းအောင်လှိုင်ရဲ့ ကိုးနဝင်း ယတြာဆိုပြီး ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေပေါ်တွေကို တန်ခိုးကြီးဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေပါ မလွတ်တန်း လိုက်လံကပ်လှူပြီး ယတြာချေခိုင်းခဲ့ပါသေးတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကျောက်ကျော၊ ဘယာကြော်နဲ့ မုန့်လုံးရေပေါ်တွေကို နံနက် ၉ နာရီမတိုင်ခင် တန်ခိုးကြီးဘုရားတွေမှာ ကပ်လှူခြင်းတွေကို မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ခိုင်းပြီး ကိုးနဝင်း ယတြာချေခိုင်းတာဟာ မကောင်းမှုအကုသိုလ် စစ်ရာဇဝတ်မှု ကုဋေကုဋာကျူးလွန်ရင်း ပြည်သူလူထု သွေးစိမ်းစက်လက် စွန်းထင်းညစ်လျက်နဲ့ ဘုရားကို အကာအကွယ်ယူတာမို့ အလွန်ယုတ်ညံ့တဲ့ မိစ္ဆာယတြာမျိုးပဲ ဖြစ်ပါတယ်။
မနုဿလူသားတွေ အပါအဝင် ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ နတ်ဗြဟ္မာ သတ္တဝါအားလုံးအတွက် သူတို့ကျူးလွန်ကြတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ အလုပ် ၃ ပါးကံတွေရဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံ အကျိုးဆက်အတိုင်းသာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တာဝန်ယူ တာဝန်ခံကြရမှာ ဖြစ်ပါတယ်။ ဘုရား ရဟန္တာတွေတောင် ရှောင်ကွင်းလို့ မရနိုင်ပါဘူး။
လူတဦးအတွက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ပဲဖြစ်ဖြစ် ဗီဇနဲ့ ပတ်ဝန်းကျင်ဟာ အလွန်အရေးကြီးလှပါတယ်။ ဗီဇအခံကောင်း ရှိပေမဲ့လည်း ပတ်ဝန်းကျင်ဆိုးထဲ ရောက်သွားခဲ့ရင် ဗီဇပြောင်းပြီး ပျက်စီးကိန်း ဆိုက်တတ်ပါတယ်။ ဒီကနေ့ မြန်မာစစ်တပ်ဟာ ဗီဇလည်းပြောင်းပြီး ဗီဇမကောင်းတော့သလို လူစုတ် လူယုတ် အခွင့်ထူးခံသူတွေ စုရုံးမိကြတဲ့ ပတ်ဝန်းကျင်ဆိုးကြီး ဖြစ်ခဲ့တာမို့ မနေအပ်တဲ့ ပစ္စန္တရာဇ်အရပ်လို ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။
မိစ္ဆာတပ်ထဲ ရောက်သွားရတဲ့သူတိုင်း တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ သူခိုး ဂျပိုး ဓားပြနားနီး သူခိုး ဂျပိုး ဓားပြဖြစ်၊ ပြည်သူသတ် မုဒိမ်းနားနီး ပြည်သူသတ် မုဒိမ်းကောင်တွေ ဖြစ်ကြရပါတော့တယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာလုယူအပြီး ၃ နှစ်အတွင်းမှာ စစ်တပ်ဆိုတာ ဆက်မနေအပ်တဲ့ အရပ်ဌာနတခုဆိုတာ သိရှိသွားကြတဲ့ စစ်ဗိုလ် စစ်သား၊ ရဲမှူး ရဲတပ်သားပေါင်း ၂ သောင်းနီးပါးဟာ CDM လုပ်ကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ၊ လက်နက်ချ၊ အလံဖြူပြကြပြီး အသက်ဘေးက ရုန်းထွက်နိုင်ခဲ့ကြပါတယ်။
ရုန်းမထွက်ရဲသူတွေ၊ သတင်းအမှောင်ချခံရ၊ ဘရိန်းဝတ်ခ်ျ အလုပ်ခံရသူတွေ၊ စစ်အဆိပ်မှိုင်းမိသူတွေ၊ မျက်ကန်းမျိုးချစ်တွေ၊ မဘသမျိုးနှစ်တွေ အများစုသာ ကျန်ရှိတော့တာမို့ ဒီကနေ့ စစ်ဓားပြတပ်ထဲက ဆက်ရုန်းမထွက်နိုင်သူ ဆက်ထောက်ခံနေတဲ့သူတွေဆိုတာ ဆင်ခြင်ဉာဏ်အနိမ့်ဆုံး၊ အမှန်တရားဘက်က ရပ်တည်ဖို့ သတ္တိအနည်းဆုံး၊ အကျင့်သီလ အယုတ်ညံ့ဆုံး လူမိုက်အန္ဓနဲ့ လူယုတ်မာ အများစုသာ ဖြစ်ကြတာမို့ ဆိုးဝါးတဲ့နိဂုံးနဲ့သာ ကြုံရပါလိမ့်မယ်။
ဒါကြောင့် အချိန်သိပ်မကျန်တော့ဘဲ အလုံးစုံပျက်သုဉ်းဖို့ တရွေ့ရွေ့ နီးကပ်လာနေတဲ့ စစ်အာဏာရှင်စနစ်ကို မိစ္ဆာယတြာအမျိုးမျိုးနဲ့ ကျားကန်ကယ်တင်ဖို့ မိုက်မဲစွာ ကြိုးစားနေဆဲ စစ်မိစ္ဆာခေါင်းဆောင်တွေအတွက် ပေးချင်တဲ့ သတင်းစကားကတော့ မူလဗီဇပြောင်းပြီး သွေးဆိုးလောင်းထားမှတော့ တပ်မတော်တဖြစ်လည်း စစ်ဓားပြဂိုဏ်းကို ယတြာတသောင်းလည်း မကယ်နိုင်ပါကြောင်း ဆိုတာပါပဲ။
မင်းကောင်းချစ်